ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဩဂုတ် ၂၂

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၄ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိနိုင်ရန် ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးနာယက၊ ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဓိကအားဖြင့် ပြိုင်ပွဲများအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်ဖြစ်ပြီး ယခင်နှစ်ရရှိခဲ့သည့် အောင်မြင်မှုများထက် မနိမ့်ကျဘဲ ရွှေတံဆိပ်များပိုမိုရရှိရန် ပြင်ဆင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့နယ်အဆင့် ပြည်နယ်အဆင့် ပြိုင်ပွဲများကျင်းပပြီး ထူးချွန်ထက်မြတ်သူများကိုရွေးချယ်၍ ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွန်းလာစေရန် ရှာဖွေဖော်ထုတ်ပြုစု ပျိုးထောင်၍ ပြိုင်ပွဲဝင်ရောက်ပါက အောင်မြင်မှုများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း အဆို၊ အက၊ အရေး၊ အတီးပညာရှင်များပေါ်ထွန်းလာစေရန် ယခုအစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်တိုင်း ရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ယခင်နှစ်ပြိုင်ပွဲ ဆုတံဆိပ်ရရှိမှု၊ မြို့နယ်အဆင့် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရန်နှင့် စခန်းသွင်းလေ့ကျင့်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးများ၊ ပြည်နယ်အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြကာ အစည်းအဝေးသို့ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များ အလိုက် ပြိုင်ပွဲများကျင်းပနိုင်ရေး၊ ရွက်ပုန်းသီးအနုပညာရှင်များ ရှာဖွေဖော်ထုတ်ပြုစုပျိုးထောင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးနာယက ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)