ရွှေတောင် သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း အ.ထ.က ကျောင်းအနီးတွင် ယမန်နေ့နံနက်ပိုင်းက "တက္ကသီလာ" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် "တက္ကသီလာ"စာကြည့်တိုက် တည်ထောင်သူ ဦးဌေးဝင်းက စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် စာကြည့်တိုက်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မိမိအရပ်ဒေသတွင်ရှိသော စာပေကိုမြတ်နိုးတန်ဖိုးထားသူများ၊ စာပေချစ်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီး(ဒုတိယဥက္ကဋ္ဌ) ဒေါ်ခင်နှင်းဆီရွှေနှင့် ရွှေတောင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင်-(ရွှေတောင်)တို့က အမှတ်တရ စကားပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးအတွက် စာကြည့်တိုက်တစ်ခု၏ လုပ်ဆောင်ရမည့် အချက်များ၊ စာကြည့်တိုက်ပညာရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး" တက္ကသီလာ" စာကြည့်တိုက် တည်ထောင်သူ ဦးဌေးဝင်းအား အလှူရှင်စာရေးဆရာကြီး/ဆရာမကြီးများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ စာအုပ်စာစောင်များ လှူဒါန်းပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်ပေါင်း ၁၅၀၀ ကျော်ခန့် ထားရှိပြီး တာဝန်ရှိသူများနှင့် စာပေချစ်သူများက စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)