လိပ်သို ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းဖြင့် အသိအလိမ္မာတိုးပွား လာမည်ဖြစ်ကာ အမှားအမှန်ကို ဝေဖန်သုံးသပ်နိုင်ကြောင်း၊ စာဖတ်သောသူသည် စာမဖတ်သောသူထက် ခေါင်းတစ်လုံးပိုသာကြောင်း၊ မိမိအားလပ်ချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချသင့်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာပြီး အတွေးအခေါ်အားကောင်းလာစေမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြော ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသော ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများ၊ စာရေးဆရာများ၏ စာပေဆိုင်ရာ အဆိုအမိန့်များ စသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အထွေထွေ သိမှတ်ဖွယ်ရာများ ပြသထားရှိမှုကို ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး