မင်းဘူး အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပညာရေးဝန်ထမ်းများက မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် စုပေါင်း လှူဒါန်းသော အလှူငွေများကို သက်ဆိုင်ရာကော်မတီအဖွဲ့အစည်းများသို့ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်ပညာရေးမှူး ဦးကြည်လွင်၊ ဒုမြို့နယ်ပညာရေးမှူး ဦးလှိုင်ဝင်းနှင့် တာဝန်ရှိသူများက မင်းဘူးမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီကို အလှူငွေ ကျပ် (၃) သိန်း၊ စကုမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီကို အလှူငွေ ကျပ် (၂) သိန်း၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံးကြီးကို အလှူငွေ ကျပ် (၁၀) သိန်း၊ မင်းဘူးမြို့နယ် ကြက်ခြေနီအသင်းကို အလှူငွေ ကျပ် (၁) သိန်းနှင့် စကုမြို့ ကြက်ခြေနီအသင်းခွဲငယ်ကို အလှူငွေ ကျပ် (၁)သိန်း သွားရောက်လှူဒါန်း ပေးအပ်ခဲ့သည်။ ထို့နောက် လှူဒါန်းပေးအပ်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများက စုပေါင်းလှူဒါန်းသော အလှူငွေကျပ် (၁၇) သိန်းတိတိကို သွားရောက်လှူဒါန်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကြည်လွင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)