ပွင့်ဖြူမြို့နယ်၌ အသိဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပွင့်ဖြူ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် အသိဉာဏ်ပညာ တိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဆွေးနွေးဟောပြောပွဲတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို စီစဉ်ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း ပညာရည်ထူးချွန်ထက်မြက်ပြီး ယဉ်ကျေး လိမ္မာသော လူတော်လူကောင်းများဖြစ်အောင် ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းစည်းကမ်းအား တိကျစွာလိုက်နာကြရန်၊ ဆရာ/ဆရာမများ၏ ဆိုဆုံးမမှုများကို အလေးထားလိုက်နာကြရန်နှင့် ကျောင်းတက်မှန်ကန်ရေး မပျက်မကွက် လိုက်နာကြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ဆွေဦးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် အချက်များ၊ ခိုက်ရန်ဖြစ်ပွားပါက ဖြစ်စဉ်နှင့်အညီ တရားစွဲဆိုအရေးယူခံရမည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဆုအောင်က ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင်ကောင်းမွန်ရေး လိုက်နာရမည့်အချက်များ၊ ပညာရည်ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်လာစေရန် မိဘ/ဆရာများ၏ ပဲ့ပြင်ဆုံးမမှုကို လိုက်နာဆောင်ရွက်ကြရန်၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များအလိုက် တတ်သိနားလည် ကျွမ်းကျင်အောင် ကြိုးစားသင်ယူကြရန်တို့ကိုလည်းကောင်း၊ ကုန်းဇောင်းကျေးလက်ကျန်းမာရေးဌာနခွဲ တာဝန်ခံ ဆရာမ ဒေါ်ခင်လေးငယ်က မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ရမည့် အချက်များနှင့် တစ်ကိုယ်ရေ ကျန်းမာရေးဆောင်ရွက်ရန်အချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ကြသည်။

ဆွေးနွေးဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး ဟောပြောသည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ကျန်းမာရေးအသိပညာ ဗဟုသုတတိုးပွားစေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)