အ.ထ.က(မိုးညို)၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်

မိုးညို ဩဂုတ် ၂၂

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် ဆုပေးပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အာဟာရအုပ်စုသုံးအုပ်စုအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီဇော်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးတို့က အခမ်းအနားသို့ တက်ရာက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ပတ်သက်သည့် စာစီစာကုံး၊ ပန်းချီနှင့် အာဟာရအုပ်စုသုံးအုပ်စု ခင်းကျင်းပြသမှု ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အာဟာရအုပ်စုသုံးအုပ်စုတွင်ပါဝင်သည့် အင်အားဖြစ်စေသောအစားအစာ၊ ရောဂါကာကွယ်စေသော အစားအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာများ ခင်းကျင်းပြသထားမှုအား တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုရာ ကျောင်းသား/သူများက အစားအစာများတွင် ဗီတာမင်ပါဝင်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)