ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌  သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှု ဖြစ်ပွား

ကလိန်အောင် ဩဂုတ် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၅၁/၈)ဖာလုံကြား၌ ယမန်နေ့ ညနေ့ ၆ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျ ပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတား အရှည်(၁၅)ပေ၊ အကျယ် (၁၈)ပေ လမ်းအပိုင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ဖြတ်သန်းသွားလာ၍မရဘဲ  လမ်းများပိတ်ဆို့ခြင်း၊ လမ်းပြတ်သွားခြင်းများ ဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များလမ်းပိတ်ဆို့ကာ ထိခိုက်မှုများ မရှိဘဲ ရပ်တန့်ထားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုကျပျက်စီးသွားသော သံကူကွန်ကရစ်တံတားလမ်းပိုင်းအား တံတားတည်ဆောက်ရေး အဖွဲ့(၄)၊ လမ်းအထူးအဖွဲ့(၂၃)မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး ကုန်စည် စီးဆင်းမှု ပြတ်တောက်မသွားအောင် အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)