ပွင့်ဖြူ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီခွဲအချိန်က ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာ မြို့မဈေးတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့ ၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ မြို့မစည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို တွေ့ဆုံကာ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ခြင်/ ပိုးလောက်လန်း မပေါက်ပွားစေရေး ပြုလုပ်ရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြော၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာ စည်ပင်သာယာဈေးများနှင့် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ခြင်/ ပိုးလောက်လန်းနှိမ်းနင်းရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)