ကျိုက်လတ် အ-ထ-က (၁)၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကျိုက်လတ် သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက ကျောင်းကျန်းမာရေးလှုပ်ရှားမှု အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်က ကျန်းမာစွာ နေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ဒေါက်တာခင်မြင့်မိုရ်ထက်စံမှ သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်