ကသာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကသာ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ လူငယ်များကို စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာလွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက  လူတော်၊ လူကောင်း၊ လူချွန်န်၊ လူမွန်ဖြစ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်အတွက် အသိပညာပေး ဟောပြောခြင်း၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပွားရသည့် အကြောင်းရင်းများ စသည်တို့ကို ဆွေးနွေး ဟောပြောသည်။

ထို့နောက် ကသာခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား/ကျောင်းသူများနှင့် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများကို ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဗလာစာအုပ်နှင့် ဘောပင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ် အလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)