စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် ပုံပြောပြိုင်ပွဲ ကျင်းပ

စစ်ကိုင်း ဩဂုတ် ၂၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူပါရုံအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံပြောပြိုင်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/ ကျောင်းသူများ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေ ရန်၊ မိမိကိုယ်ကို ယုံကြည်မှုရရှိစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိကာ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ပြိုင်ပွဲစည်းကမ်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေး၍ ကျောင်းသူလေးများက ပုံပြောပြိုင်ပွဲအား စတင် ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကိုလည်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများရရှိစေရန် ပြပွဲ/  ပြိုင်ပွဲများ ကျင်းပခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ သုတ/ ရသ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်