အထက်မင်းလှ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲက မင်းလှ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ၊ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မရှိရေး ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန သွေးလွန်တုတ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ခင်စန်းယုက သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ပွားမှု မရှိစေရေး ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်နည်း စနစ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကျောင်းသား၊ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)