ရွှေဘို အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ၊ထန်းတောကျေးရွာတွင် ကိုဗစ်-၁၉ ကာလအတွင်း မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို ယနေ့နံနက် ၁၀နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆဌမနှစ်သက်တမ်းအတွက် ထုတ်ချေးပေးခဲ့ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုရန်ပုံငွေများကို မိမိတို့ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းများ ရေရှည်အကျိုးဖြစ်စေရန် စီမံကိန်းအသင်းဝင်များနှင့် ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက် ကြရန်၊ ထုတ်ချေးပေးသည့် ချေးငွေများကိုလည်း မိမိတို့လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်ထိရောက်စွာ အသုံးပြုကျရန် လိုအပ်ကြောင်း၊ ထိုသို့လုပ်ကိုင်ပြီး အတိုးရငွေများ တိုးပွားလာမှ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြစိမ်းရောင် အသင်းဝင်များကို ရေဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ငြိမ်းငြိမ်းအေးမှ ပြောကြားခဲ့သည်။
အဆိုပါ ထန်းတောကျေးရွာ မြစိမ်းရောင်စီမံကိန်း ဆဌမနှစ်သက်တမ်းအတွက် စိုက်ပျိုးရေး လုပ်ကိုင်သူ(၁၈၇)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၂၈)ဦး၊ အရောင်းအဝယ် (၈)ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ(၂၃)ဦး၊ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူ(၅)ဦး စုစုပေါင်း (၂၅၁)ဦးအား မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ(၅၁၂)သိန်းကို တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)