အထက်မင်းလှ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးအသိပညာပေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအား ညစ်ညမ်းစေခြင်း၊ သက်ရှိ သတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက် ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ် စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုး အသုံးပြုရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်၊ အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ ပိုးလောက်လန်းမှတဆင့် ခြင်ပေါက်ပွားမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားပြီး သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)