လူငယ်များအတွင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး စာဖတ်ဝိုင်း ကျင်းပ

ဘားအံ ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာမ ခင်စောတင့်ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။            

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း (Book Club) အဖွဲ့ဝင် ဆရာဦးသန်းအောင်(မောင်လူဝိုင်း)က “လူတန်းစား အလွှာမခြားစေရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဆရာဦးငွေသန်းက “သမီးသိပ်ကံကောင်းတယ်”၊ “အမုန်းကိုဆန့်ကျင်ပြီး "အချစ်နှင့်ပေါင်းစည်း၍” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ နော်ရုသာချိုက “မကြည်လင်တဲ့စိတ်နေ စိတ်ထားတွေကို တွန်းလှန်ကြပါစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည့် စောအဲသူးက “လမ်းလျှောက်ထွက်ကြမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ  စာပေချစ်မြတ်နိုးသူလူငယ်များ၊ Book Club အဖွဲ့ဝင်များ၊ (Youth Club)အဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ များ စုစုပေါင်း (၄၂)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)