ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပန်းတောင်း သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆေးကုသပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက လာရောက် အားပေးကြည့်ရှုပြီး လိုအပ်သည်များကို မှာကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများအား အပူချိန်များ တိုင်းတာခြင်းနှင့်  ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါတို့ကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက်နိုင်ငံဝန်ထမ်းအငြိမ်းစားများကို​​ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်ထိ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့်  အငြိမ်းစားဝန်ထမ်း (၆၉) ဦးခန့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထိုက်စိုးထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)