သာယာဝတီမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်လှစ်

သာယာဝတီ သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အမှတ်(၁၄)စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)တို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) ဆရာစံခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသန့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပို့ချသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား သင်တန်းသားများသို့ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းစသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)