ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်း တာဝန်များ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပွင့်ဖြူ   အောက်တိုဘာ   ၁၅

ကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီမံကိန်းများရေးဆွဲ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်လည်း မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ခွင့်ရရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ငန်း အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေး သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ကျရာတာဝန်ကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် မိမိတို့မြို့နယ်အတွက် ရရှိလာသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်သက်က ပွင့်ဖြူ မြို့နယ် အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့် ဒေသန္တရ စီမံကိန်းရည်မှန်ချက် လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။


ဆက်လက်၍ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန် ၁၇၅ ခု အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများထံ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိသည့် ဒေသန္တရ စီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များအနေဖြင့်  ပြည်ထောင်စုဘတ်ဂျတ် ၄၃၅၀ ဒသမ ၅၁၉ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၆၀)ခု  ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျတ် ၆၀၄၂ ဒသမ ၄၉၉ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၁၁၅ ခု ၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း (၁၇၅)ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံကိန်းဦးစီးမှူး) ဒေါ်သက်ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )