မြိတ် ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲကို ပုလဲရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို မြိတ်ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် ပိုမိုစနစ်ကျသော ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆီသို့ ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး မြိတ်ဒေသအတွင်းရှိ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တွေ့ဆုံဆွေးနွေး အကြံပေးဝန်ဆောင်မှု ပြုလုပ်ပေးသည့် ဆွေးနွေးပွဲဖြစ်သည်။
ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြားသည်။ ထိုနောက် မြိတ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မြိတ်ခရိုင်၏ ကုန်ထုတ်လုပ်ငန်းအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကုမ္ပဏီအကြောင်း သိကောင်းစရာများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းပုံစံများနှင့် အားသာချက်၊ အားနည်းချက်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအကြောင်း၊ ဥပဒေအရ ခံစားရရှိနိုင်မည့် ကင်းလွတ်ခွင့်နှင့် သက် သာခွင့်များ၊ ဖိတ်ခေါ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ၊ စီးပွားရေးလုပ်ငန်း ပုံစံများ စသည့်တို့ကို Power Point ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်း လက်ရှိလုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား ကုမ္ပဏီရေးရာဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးလုပ်ငန်း အခြေအနေများ ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်း၊ ကုမ္ပဏီထူထောင်လိုသည့် ကိစ္စရပ်များကို လုပ်ငန်းရှင်တစ်ဦးချင်းစီ၏ မေးမြန်းမှုနှင့် လိုအပ်ချက်များကို ဆွေးနွေးမှုစားပွဲခုံဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ က အကြံပေး ဝန်ဆောင်မှုများပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )