ဘားအံ ဩဂုတ် ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၆)ကုတင်ဆံ့ ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့်ကျန်းမာရေး တိုးတက်ကောင်း မွန်လာမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက် အစားအစာများထောက်ပံ့ ပေးအပ်ကာ အဆိုပါတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေးစကားများပြောကြားကာ ကျောင်းဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိမရှိ ကြည့်ရှုစစ်ဆေး၍ အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရွာသစ်မြို့ သန္တိသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထား တင်ပြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရွာသစ်မြို့၌ ဇူလိုင်လကုန်နှင့်ဩဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းရွာသစ်-လေးဝါးလမ်းပိုင်းတွင် တောင်ကျရေများ စီးဆင်းပြီး မြေပြိုခြင်း၊ ရေတိုက်စားခြင်းများကြောင့် လမ်း/တံတား ထိခိုက်ပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးအောင်ထွဋ်နှင့်တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းရှိ တံတားချဉ်းကပ်လမ်းနှင့် လက်ရန်းပျက်စီးမှု၊ တောင်ကမ်းပါးယံ ပြိုကျမှု၊ ချောက်ကမ်းပါးယံပျက်စီးမှု၊ ကတ္တရာနှင့်ကွန်ကရစ်လမ်းပခုံးပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည့်ပြုပြင်တည်ဆောက်မှုများဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးဖြစ်စဉ်တိုးတက်ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရှမ်းရွာသစ်မြို့၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည်ဖြင့် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင်မြေလွတ်၊ မြေလပ်မကျန် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်း များကိုလုပ်ကိုင်ကြရန်လိုပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူးက ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေး မှူးများက ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ရှမ်းရွာသစ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ကုန်ပစ္စည်းများ၊ လုံခြုံရေးတာဝန် များထမ်းဆောင်နေသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အား ထောက်ပံ့ငွေနှင့်စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကာ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)