ရွှေတောင် သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးက မိခင်နို့စနစ်တကျတိုက်ကျွေးရန် အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီက မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် မိခင်နို့ စနစ်တကျတိုက်ကျွေးပုံအား လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ကျန်းမာရေး အသိပညာဥာဏ်စမ်းအမေးအဖြေများပြုလုပ်၍ စံပြမိခင်ရွေးချယ်ပြီး ဆုချီးမြှင့်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရပစ္စည်းနှင့် ဆေးဝါးများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)