မင်းဘူး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှစိုက်ပျိုးသော မိုးခရမ်းချဉ်များ ပေါ်ဦးပေါ်စမှာ အဖွင့်ဈေးကောင်းကောင်းဖြင့် ဝင်ရောက်လာပြီး တစ်နေ့လျှင် ခရမ်းချဉ် ပိဿာချိန် ၃၀၀၀ ခန့် ဝင်ရောက် ရောင်းဝယ်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် (၄) ပွဲရုံပိုင်ရှင်မလဲ့ထံမှ သိရသည်။
ထိုသို့ မိုးခရမ်းချဉ်များ လာရောက်ရောင်းချရာတွင် ပေါ်ဦးပေါ်စတွင် လက်ကားဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးရရှိကာ တောင်သူများအဖို့ အဆင်ပြေလျက်ရှိကြကြောင်းလည်း သိရသည်။ ယခင်ရက်ပိုင်းက ခရမ်းချဉ်သီးဈေး အနည်းငယ်ပြန်ကျသွားပြီး ကျပ် ၁၅၀၀ ဈေးအထိ ရောက်သွားသော်လည်း ယခုရက်ပိုင်း ခရမ်းချဉ်သီးဈေးမှာ လက်ကားဈေး တစ်ပိဿာ ကျပ် ၂၀၀၀ ဈေးနှင့် လက်လီဈေး တစ်ပိဿာ ကျပ် ၂၃၀၀/၂၄၀၀ ဈေးအထိရှိကြောင်း ပွဲရုံပိုင်ရှင်များက ဆိုကြသည်။ ခရမ်းချဉ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလားဆိုပြီး စိုးတထိတ်ထိတ်ဖြစ်နေရတယ်လို့လည်း ကျောက်တန်းကျေးရွာက စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ပြောသည်။ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာအများအပြားတွင် ခရမ်းချဉ်စိုက်ပျိုးကြသော်လည်း ကျောက်တန်းကျေးရွာဟာ ခရမ်းချဉ်ကို အဓိက ထားစိုက်ပျိုးတဲ့ ကျေးရွာဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်နဲ့ နွေခရမ်းချဉ်ဆိုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)