ကော့သောင်း ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရင်းနှီမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကော့သောင်းမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ကော့သောင်းမြို့၊ မဥ္ဇူသကခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကကျေးဇူးတင်/အမှာစကား ပြောကြားခဲ့သည်။ယင်းနောက် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ယာယီဥက္ကဋ္ဌ ဦးမျိုးဟန်က ဒေသခံလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ရှင်းလင်းပြောကြားချက်များကို ဂရုပြုမှတ်သားလိုက်နာပြီး သိရှိလိုသည်များ၊ ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြကြရန် နှင့် အခမ်းအနားမှ ရရှိလာသည့် အသိပညာများကို ပြန်လည်မျှဝေကြရန် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သင်းသင်းမြတ်က ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့်အခြေခံလိုအပ်ချက်များအား Power Point Presentation ဖြင့် ရှင်းလင်းတင်ပြပြီး၊ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများအား PowerPoint Presentation ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က တနင်္သာရီတိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ကိုင်နေသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၏ အခြေအနေနှင့် ရင်းနှီးမြုပ်နှံမှု အလားအလာများအား PowerPoint Presentationဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင် များအား စီးပွားရေးလုပ်ငန်းများ အားပေး ကူညီခြင်း၊ လက်ရှိလုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ကုမ္ပဏီဆိုင်ရာနှင့်ရင်းနှီးမြုပ်နှံမှုဆိုင်ရာများကို တစ်ဦးချင်း ဆွေးနွေးဝန်ဆောင်မှုပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)