မုံရွာ သြဂုတ် ၂၀
ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၆၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်းအရှည် ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောက်စီမြေထိန်းနံရံလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စတီးလက်ရန်းများတပ်ဆင်သွားမည့်လုပ်ငန်းများနှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန်အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများ ဖြေဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိ ကျွန်းများပေါ်တွင် ကစားကွင်းနှင့်ကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးတို့အားမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အနောက်ဘက် ကန်သာယာကန်ပတ်လမ်းအား ကျောက်ရိုးစီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)