ဘားအံ ဩဂုတ် ၂၀
ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များအား ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် ဝက်မွေးမြူရေးဇုန်သီးသန့်နှင့် ဆိတ်မွေးမြူရေးဇုန် သီးသန့်တို့ကို ဖော်ဆောင်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်/ဆိတ်မွေးမြူရေးဇုန် သီးသန့်ဖော်ထုတ်ရာတွင် အသစ်ဖောက်လုပ်နေသည့် တစ်ကြောင်းထိုးမြေသားလမ်း ပေ(၂၀၀)လမ်း(၁၇၉၀)ပေ၊ ပေ(၁၀၀)လမ်း ၂၁၈၅ ပေ၊ ပေ(၆၀)လမ်း ၁၇၁၆၀ ပေ၊ အဆင့်မြင့်တင်ရမည့် ပေ(၆၀)လမ်း ၃၀၅၀ ပေအစရှိသော ဇုန်ပတ်လမ်း၊ ဇုန်တွင်းလမ်း၊ ဝင်လမ်း၊ ထွက်လမ်းများ ဖော်ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းနှင့် တာဝန်ရှိသူများက ပထမအဆင့်အနေဖြင့် တစ်ကြောင်းထိုးမြေသားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် စနစ်တကျဖြင့် အဖက်ဖက်မှ ကြိုတင်မျှော်တွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်၊ လိုအပ်သည့် Pipe Culvert ၊ Box Culvert များကို တွက်ချက်တင်ပြရန်၊ နိုဝင်ဘာလတွင်ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန်၊ လက်ရှိမွေးမြူသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ဇုန်အသစ်တွင် မွေးမြူနိုင်ရေး လာရောက်ကြည့်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ယခုဖော်ထုတ်သည့် မွေးမြူရေးဇုန်သည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားရေရိက္ခာဖူလုံပိုလျှံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ထုတ်ကုန်များ(ကုန်ချော)တိုးမြှင့်ထုတ်လုပ်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဝက်/ဆိတ်မွေးမြူရေးဇုန်(သီးသန့်)ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ရှင်းလင်းဆောင်၊ ဝက်ဒိုင်၊ ဆိတ်ဒိုင်၊ ရုံးခန်း၊ ဆေးဝါးနှင့် တိရိစ္ဆာန်အစာဆိုင်နေရာများပါဝင်ကာ ဝက်မွေးမြူရေးဇုန် ၄၉ ဒဿမ ၀၇ ဧကနှင့် ဆိတ်မွေးမြူရေးဇုန် ၄၉ ဒဿမ ၃၁ ဧကပေါ်တွင် တစ်ယူနစ်လျှင် ၀ ဒဿမ ၇၅ ဧကခန့်ရှိ အကွက်ပေါင်း ၅၀ စီခန့်ဖော်ဆောင်၍ ခေတ်မီနည်းစနစ်များဖြင့် မျိုးကောင်းမျိုးသန့် ဝက်/ဆိတ်(သီးသန့်)မွေးမြူထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ သီးသန့်ဇုန်များ ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေးအတွက် အခါအားလျှော်စွာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဘားအံမြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)