လွိုင်ကော် ဩဂုတ် ၂၀
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်း၌ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းနည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပြုပြင်ရန်လိုအပ်သည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများပါဝင်သော အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေး လုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)