ပဲခူး သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများနှင့် တန်ဖိုးနည်းအာဟာရမြှင့် သရုပ်ပြပြင်ဆင်ချက်ပြုတ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု ကော်မတီ နာယက ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက "အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများကို (၂၀၀၉) ခုနှစ်ကစလို့ “အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ" အဖြစ် ဩဂုတ်လတစ်လလုံးကို ပထမရက်သတ္တပတ်၊ မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်၊ ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးရက်သတ္တပတ်များအနေနဲ့ သတ်မှတ်ဆောင်ရွက်သွားခြင်းအား တိုင်းဒေသကြီးအဆင့်အနေနဲ့သာမက ခရိုင်/မြို့နယ်များမှာပါ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ မိမိတို့ နေအိမ်မှာ မိသားစု နေ့စဉ်စားသောက်ဖို့ ချက်ပြုတ်သည့်အခါ အာဟာရအုပ်စု သုံးအုပ်စုလုံးမျှတစွာပါဝင်အောင် ချက်ပြုတ်တက်စေဖို့၊ သန့်ရှင်းလတ်ဆက်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းတဲ့ ဒေသထွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို တန်ဖိုးနည်းနည်းနဲ့ အကုန်အကျမများစေဘဲ အာဟာရဓါတ်မပျက်စေဘဲ စနစ်တကျ ပြင်ဆင်တက်စေဖို့၊ ချက်ပြုတ်တဲ့အခါမှာလည်း အရသာရှိပြီး စားလို့လည်းမြိန်အောင်၊ ဟင်းအမယ်တွေကိုလည်း လိုက်ဖက်ညီညီနဲ့ စားချင်စဖွယ် စီမံတက်စေဖို့နမူနာယူ၊ ပညာယူနိုင်ရေးအတွက် လိုက်နာမှတ်သားကြပါရန်ဖြင့် ပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမို့မို့အောင်က အာဟာရ(၃)အုပ်စုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီ နာယက ဒေါ်စိုးစိုးသက်က ကိုယ်ဝန်ဆောင် အမျိုးသမီးများအား အာဟာရပစ္စည်းများ ဖြစ်သော (ကြက်ဥ၊ ကုလားပဲ၊ အိုင်အိုဒင်းဆား)နှင့် (၅)နှစ်အောက်ကလေးငယ်များအား အာဟာရမုန့် စသည်တို့အား ထောက်ပံ့ပေးအပ်ခြင်း၊ သရုပ်ပြပြင်ဆင်ချက်ပြုတ် နေမှုအား လှည့်လည်ကြည့်ရှုအားပေးခြင်း၊ သရုပ်ပြချက်ပြုတ်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်း၊ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအား အာဟာရဖြစ်စေမည့် အစားအသောက်များ ကျွေးမွေးခဲ့ကြသည်။ ပြိုင်ပွဲသို့ ကလျာဏီရပ်ကွက်၊ ဟံသာဝတီရပ်ကွက်၊ ဥဿာ (၁)၊ ဥဿာ (၃)၊ ဥဿာ (၇)၊ ဥဿာ (၈)၊ စုစုပေါင်း (၆)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)