ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၁၆)လုံး ကြိုတင်ပြောင်းရွှေ့

ပန်းတနော်   သြဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘဝိုင်းကျေးရွာအုပ်စုနှင့် တောကျောင်းကျေးရွာအုပ်စုတို့၌ လူနေအိမ် (၁၆)လုံးတို့အား ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု မြင်းကဒေါင်ကျေးရွာရှိ နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ တောကျောင်းကျေးရွာအုပ်စု နံဂါတ်ရိုးကျေးရွာရှိ နေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စုနှင့် ကျောင်းတော်ကလေးကျေးရွာရှိ နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုတို့သည် ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်သို့ ကြိုတင်ပြောင်းရွှေ့ကာ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)