ကော့ကရိတ် သြဂုတ် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇိနသုခလောက သရဖူ စေတီတော်ရှိ သဟပုညကာရီဓမ္မာရုံ ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ လေသာကျောင်းတိုက်ဆရာတော် ဘန္ဒန္တက္ကုန္ဒာဝုဓထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္တုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လေသာကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာ မိန့်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကော့ကရိတ်မြို့ မြို့ပေါ်ကျောင်းတိုက် (၁၀)ကျောင်းမှ ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)