ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၀
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီကာလ၌ ကျွဲ၊ နွားများတွင် ဖြစ်ပွားတက်သည့် ပေါင်ပုတ် လက်ပုတ် လည်ချောင်းနာရောဂါနှင့် ဝက်နားရွက်ပြာရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းရွှေဒိုးကျေးရွာအုပ်စုတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ရာ၌ ကျေးရွာအုပ်စု ကျေးရွာများရှိ မွေးမြူရေးတောင်သူများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နုမှ မိမိတို့မွေးမြူထားရှိသည့် တိရစ္ဆာန်များအား ရောဂါဖြစ်ပွားပြီး ဆုံးရှုံးထိခိုက်မှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးလွင် က ကျွဲ၊ နွား များတွင်ပွားပေါ်တက် ပေါင်ပုတ် လက်ပုတ် လည်ချောင်းနာနှင့် ဝက်နားရွက်ပြာရောဂါ အကြောင်းအရာများနှင့် ရောဂါလက္ခဏာများ ကြိုတင်ကာကွယ်ကုသရေးနည်းလမ်းများအား ဆွေးနွေးရှင်းလင်းပြောကြားကြောင်း သိရသည်။
ထို့နောက်အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ ကြာအင်းကြီးကျေးရွာ မင်္ဂလာကုန်း၊ ရွှေလင်း၊ သုံးတိုင်၊ ကျောက်ခဲကုန်းကျေးရွာများမှ တောင်သူများ မွေးမြူထားရှိသည့် နွားကောင်ရေ (၂၂၀)ကောင်းအား ပေါင်ပုတ် လက်ပုတ် လည်ချောင်းနာ ရောဂါကာကွယ်ဆေးအား အခမဲ့ထိုးနှံပေးခဲ့ပြီး ဝက်နားရွက်ပြာရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဝက်ခြံ(၁၀)ခြံအား မီးခိုးမှိုင်းတိုက်ခြင်းနှင့် ဝက်ခြံပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး