ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကံမ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊  ကံမမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ဩဂုတ် ၁၈ ရက်နေ့ နံနက် (၁၁) နာရီက   လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  အခြေခံပညာဦးစီးဌာန၊   အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး စေရန်ရည်ရွယ်၍  ကျင်းပပြုလုပ်ရာ အထက်တန်းဆင့်   ကျောင်းသား ကျောင်းသူ(၄၁၂) ဦးတက်ရောက်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ အ.ထ.က(ရေနံ့သာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစန်း က စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လူငယ်နှင့်အချိန်၏ တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးမိုးခိုင်က အားကစားစိတ်ဓါတ်မြင့်မားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊   အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။  ဟောပြောပွဲအပြီးတွင်   အားကစားနှင့်ကာယပညာဦးစီးဌာနမှ  အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြ သထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပိုစတာများအား ကျောင်းသား ကျောင်းသူများက ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)