သရက်ချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား/သူများအနေဖြင့် ပညာရေးကိုဆုံးတိုင်အောင်သင်ယူကြရန်၊ ဆရာ/ဆရာမများ၏ ပြောစကားကိုလေးနက်ထားရန်၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော ကျောင်းသား/သူများဖြစ်အောင် ကြိုးစားပေးစေလိုကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ပြေးခြင်း၏ ထိပ်တန်းအကျိုးကျေးဇူး(၁၀)ချက်၊ အားကစား ပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ အားကစား၏ အဓိပ္ပာယ်၊ လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အားကစားအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အားကစားပစ္စည်းများအားပေးအပ်ခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)