ကသာမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ   ဩဂုတ်   ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူလူငယ်များကို စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပွားရသည့် အကြောင်းရင်းများ စသည်တို့ကို ဆွေးနွေးဟောပြောသည်။

ထို့နောက်ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ်အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား/ကျောင်းသူများနှင့် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများကို ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဗလာစာအုပ်နှင့်ဘောပင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ကျော်စွာ(ကသာ)