ကျိုက်လတ် သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းကျန်းမာရေးလှုပ်ရှားမှု အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးပွားစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးနည်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ကျောင်းသူများအား တစ်ဦးချင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အခြေခံပညာ ကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်