ပွင့်ဖြူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဩဂုတ် ၁၈ ရက်၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်သံကိုင်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေ ၁၂၀၀၀၀ အား ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်ငါးမျိုးစိုက်ထည့် ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ ၊ ဒေသခံရေလုပ်သားများ တက်ရောက်ကြပြီး ငါးသယံဇာတ ဖူလုံစေရေးအတွက် ဧရာဝတီမြစ်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ ၁၂၀၀၀၀ အား စုပေါင်းမျိုးစိုက်ထည့် ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံ ဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်ငါးသား ဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်းစသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည့်အပြင် အခြေခံငါးမွေးမြူရေးဆိုင်ရာသင်တန်းများကိုလည်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )