တောင်တွင်းကြီး ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ခံများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုစာရေးများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက တောင်သူများအား အစေ့ချစိုက်ပျိုးသောနည်း၊ ပျိုးထောင်စိုက်ပျိုးသော နည်းများအပြင် ဓာတ်မြေဩဇာ သုံးစွဲနည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း စသည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးက မိုးစပါး လျာထားချက်ပြည့်မီရေး မိမိတို့ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်စုတာဝန်ခံများက မိုးစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးအား မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်၊ လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး တောင်သူများအား ဆက်စပ်ဌာနများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)