မင်းတုန်း ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စကားပြောစွမ်းရည် မြင့်မားလာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခိုင်ဆွေဦးက အဖွင့်အမှစကား ပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးချစ်ကိုကိုအောင်က လူငယ်နှင့်အားကစားဆိုင်ရာများ ဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေနှင့် ကျောင်းသား/ကျောင်းသူ (၆)ဦးမှ လူငယ်နှင့်စာဖတ်ခြင်းအကျိုး၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်၊ လူငယ်နှင့်အောင်မြင်ရေးပန်းတိုင်၊ လူငယ်နှင့်သတ္တိ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့် အချိန်၏တန်ဖိုး ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အားကစားဖွံ့ဖြိုးရေးအတွက် မြို့နယ်အားကစားမှူး ဦးချစ်ကိုကိုအောင်က အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှိုင်ဦးမှ လက်ခံရယူခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)