ရေတာရှည်မြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ရေတာရှည် သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်​ ပြည့်စုံစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြောက်နန်ချွန်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ ဒုတိယပညာရေးမှူး ဦးမောင်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ Moderator အဖြစ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံက ဆောင်ရွက်ခဲ့ပြီး Grade-12 ကျောင်းသား မောင်ထိန်လင်းဦးက “လူငယ်နှင့်အချိန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မနုယဉ်ဝင်းက “လူငယ်နှင့် ခေါင်းဆောင်မှု စိတ်ဓါတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မနှင်းနုဖြိုးက “လူငယ်နှင့်တွန်းအား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မအိပွင့်ဖြူက “လူငယ်နှင့်စာနာမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြင့်ခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဒုတိယပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)