ဘားအံ ဩဂုတ် ၁၉
ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏(၆/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ ခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များတွေ့ဆုံပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန် မှာကြားချက်များအတိုင်းရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမြေများကို သီးထပ်၊ သီးညှပ်များဖြင့် အပြည့်အဝအသုံးချကြရန်လိုပြီး ကိန်းဂဏန်း၊ စာရင်း၊ ဇယားပိုင်းတွင် ဖောင်းပွမှုမဖြစ်စေဘဲ တိကျမှန်ကန်ဖို့လိုကာ ပြည်ပဈေးကွက်ခိုင်မာစွာရှိသော ပြောင်း၊ နှမ်း၊ ပဲတီစိမ်းသီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ လယ်ယာမြေပေါ်တွင်ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းအား ထိထိရောက်ရောက်ကိုင်တွယ်၍ ဥပဒေနှင့်အညီစိစစ်အရေးယူဆောင်ရွက်ဖို့လိုကြောင်း၊ သားငါးထုတ်လုပ်မှုကဏ္ဍတွင် အားနည်းချက်အချို့ရှိနေပြီး တိုးတက်အောင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးမွေးမြူရေးသုတေသနလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်ဖို့လိုကြောင်း၊ MSMEs လုပ်ငန်းများဖြင့် ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အဓိကအားဖြင့် ပြည်တွင်းဝယ်လိုအားရှိသည့် ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်ကြရန်နှင့် Quick Win မြန်မြန်အကောင် အထည်ဖော်နိုင်သော စီးပွားရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးက ယခုလပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် မြေပြိုမှု၊ ရေကြီးရေလျှံမှု အစရှိသောသဘာဝဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းများကို သက်ဆိုင်ရာဌာနများအလိုက် အမြန်ဆုံးပြုစုတင်ပြကြရန် တင်ပြဆွေးနွေးကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တင်ပြဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)