စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိ ပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် စိုက်ပျိုးရေလုံလောက် စွာပေးဝေနိုင်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ သြဂုတ် ၁၉

ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆည်ရေအရင်းအမြစ်များအား ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ပြောင်း လဲလာအောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဧရိယာ ၅၆၂၄၄၇ ဧကအား ပျိုးထောင်ရေ၊ စိုက်ပျိုးရေ၊ ရေအားစဉ်ဆက်မပြတ် ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများ ပူးပေါင်းပါဝင်ကာ ဆည်မြောင်းစနစ်ဖြင့် အရည်အသွေးပြည့်မီသည့် သီးနှံအား သီးထပ်၊ သီးညှပ်စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ရေကိုအလေအလွင့်မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာနှင့် ပညာပေးအစီအစဉ်များအား တောင်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းက တိုင်းဒေသကြီးအတွင်းရှိ ဆည်/ရေလှောင်တမံများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှုအခြေအနေများနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းသား၊သင်တန်းသူများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး Water User Group အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများနှင့်အတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများထံ လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြေအောက်ရေ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်း လျှပ်စစ်စက်ပိုင်း ၃ ၊ 33/11 KV 1.5 MVA ဓါတ်အားခွဲရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးမှ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအား မြေအောက်ရေဖြင့် စိုက်ပျိုးရေးပေးဝေနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး 33/11 KV 1.5 MVA ဓါတ်အားခွဲရုံနှင့် Home Garden စိုက်ပျိုးထားရှိမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ် ၁၀ ပေါက်တွဲရေတံခါး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်း ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်အတွင်းရှိ ရေတံခါး ၂၂ ခုကြံ့ခိုင်မှုအခြေအနေများနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေး တာမြေထိန်းနံရံကျောက်ရိုးစီခြင်းလုပ်ငန်းများနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အိုးဘိုတောင် ၁၀ ပေါက် တွဲရေတံခါးကြံ့ခိုင်မှု၊ မိုးရာသီကာလနှင့် မြစ်ရေကြီးချိန်ကာလများတွင် ရေသွင်းရေထုတ်ပြု လုပ်နိုင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် အလျား - ၅ ပေ၊ အမြင့် ၆ ပေရှိ ရေတံခါး ၅ ခုပါရှိသည့် ၅ ပေါက်တွဲရေတံခါး တည်ဆောက်ပြီးစီးမှုနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေး တာ မြေထိန်းနံရံအရှည် - ၄၂၀၀ ပေ ကျောက်ရိုးစီခြင်းလုပ်ငန်းများ တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)