ထားဝယ်မြို့တွင် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ထားဝယ် ဩဂုတ် ၁၉

စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦး‌ဇော်လင်းထွန်းက မီးသတ်စခန်းအသီးသီးတွင် လက်ရှိအသုံးပြုလျက်ရှိသော ရှာဖွေကယ်ဆယ်ရေး ရေယာဉ်အမျိုးမျိုးအတွက် စက်လှေမောင်းတာဝန် ထပ်မံတာဝန်ချထားနိုင်ရန်နှင့် စက်လှေများ ကိုင်တွယ်မောင်းနှင်ရာတွင် ရေယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ် သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေများကို ကျွမ်းကျင်စွာ မောင်းနှင်တတ်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြင့်ကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများက ထားဝယ်မြစ်အတွင်း စက်လှေများဖြင့် ရှေ့/နောက်တစ်စီးချင်း မောင်းနှင်ခြင်း၊ နှစ်စီးရင်ဘောင်တန်းမောင်းနှင်ခြင်း၊ လေးစီးရင်ဘောင်တန်း မောင်းနှင်ခြင်း၊ မီးလောင်နေသော ရေယာဉ်အား မီးငြိမ်းသတ်ခြင်း၊ ရေနစ်နေသူအား အသက်ကယ် ဘောကွင်းအသုံးပြုကယ်ဆယ်ခြင်းနှင့် Intelligent Lifebuoy အသုံးပြု၍ ကယ်ဆယ်ခြင်း စသည့် ကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးစွမ်းရည်များ လေ့ကျင့်သရုပ်ပြသခဲ့ကြသည်။

စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းအမှတ်စဉ်(၃/၂၀၂၃)ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀)မြို့နယ်မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားအင်အား (၁၀၀)ဦးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့မှ (၁၈)ရက်နေ့ထိ ရက်သတ္တ(၂)ပတ်ကြာ ခရိုင်မီးသတ်ဦးစီးဌာနများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)၏