မင်းကင်း ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး ကွန်ပေါင်းမြေဩဇာ အသုံးပြုမှုလျော့ချရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကို အန်တု၍ သီးနှံများအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ညောင်ကုန်းကျေးရွာနှင့် မအူကုန်းကျေးရွာများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ နည်းပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင် ဦးညိုမြင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဟေမာန်ကျော်ဝင်းက မိုးစပါး ကွန်ပေါင်းမြေဩဇာ အသုံးပြုမှုလျော့ချရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကို အန်တု၍ သီးနှံများအောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမေသန္တာဦးက ဝက်၊ ကြက်များ တိုးချဲ့မွေးမြူရေး၊ ကျွဲ၊ နွား၊ ရောဂါကာကွယ်ဆေး(ဒေါင့်သန်း၊ လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ်)၊ ဝက်ရောဂါကာကွယ်ဆေး (ဝက်ပလိပ်၊ ဝက်ဝမ်းကျ)ဆိုင်ရာများ၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး ဦးမောင်စန်းက မြေလပ်မကျန် စားသုံးသီးနှံများစိုက်ပျိုးရေး၊ ဒု-လ/ထဦးစီးမှူးဒေါ်ဇင်မမက EM သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် ဒု-လ/ထဦးစီးမှူးဦးသက်ခိုင်က ငါးအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်းများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အသင့်သုံး EM သဘာဝမြေဩဇာများကို တက်ရောက်လာကြသည့် တောင်သူများထံသို့ ပေးအပ်ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေသည့် "EMသဘာဝမြေဆွေးပုံပြုလုပ်သုံးစွဲနည်း"၊ "သဘာဝရွက်ဖျန်းအားဆေးပြုလုပ်သုံးစွဲနည်း" လက်ကမ်းစာစောင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ဝေသည့် ကျွဲ၊ နွား၊ ရောဂါကာကွယ်ဆေး(ဒေါင်သန်း၊ လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ်)၊ ဝက်ရောဂါကာကွယ်ဆေး(ဝက်ပလိပ်၊ ဝက်ဝမ်းကျ)ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ ညောင်ကုန်းကျေးရွာတွင်တောင်သူ (၈၇)ဦးနှင့် မအူကုန်းကျေးရွာတွင် တောင်သူ(၁၀၆)ဦး စုစုပေါင်း(၁၉၃)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)