ထားဝယ် ဩဂုတ် ၁၉
သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအစိုးရသည် ကွဲပြားစုံလင်သော တိုင်းရင်းသားလူမျိုးစုများ၏ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သုတေသနပြုရန်၊ မူဝါဒများချမှတ်ရန် ကတိကဝတ်ပြုထားကြောင်း၊ နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို တန်ဘိုးထားခြင်းဖြင့် အသိအမှတ်ပြုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သင်ကြားရေးအထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာကို ထိန်းသိမ်းဆောင်ရွက်ကြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစကား(၇၂)မျိုးဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အထိ သင်ကြားရေးအထောက်အကူပြု (Teaching Assistance (TA)) နှင့် တိုင်းရင်းသားဘာသာ စာပေသင် (Language Teacher(LT)) ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀၉၃) ဦးခန့် ထားပေးပြီးဖြစ်ကြောင်း၊ သင်ကြားရေးထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပေးခြင်းအားဖြင့် တိုင်းရင်းသားဘာသာစာပေ သင်ဆရာ၊ ဆရာမများသည် မိမိပတ်ဝန်းကျင်တွင် အကောင်းမြင်သဘောထားများဖြင့် အများနှင့်အတူတကွ နေထိုင်ကြရသည့်အခါ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသား ပီသလာခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းတတ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူများနှင့် အကျိုးဆက်များကိုသိရှိ နားလည်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ ဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီးအချိန် ကာလများတွင် သင့်လျော်စွာနေထိုင်တတ်ခြင်း၊ ကျန်းမာစွာနေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာပြီး ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများ ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း ဆရာမများအနေဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား/သူများက ရခိုင်တိုင်းရင်းသားအက၊ မွန်တိုင်းရင်းသားအက၊ တပင်တိုင်မင်းသားအက၊ ကရင်တိုင်းရင်းသားအကများ၏ ကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖျော်ဖြေရေးအဖွဲ့များအား ဆုငွေ(၄)သိန်းချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာ/ဆရာမများနှင့် တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ သင်ကြားရေးအထောက် အကူပြုတိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို ဩဂုတ် (၂၅) ရက်နေ့အထိ သင်ကြားပို့ချ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရသည်။
တိုင်းဒေသကြီးပြန်/ဆက်)