ဒီးမော့ဆို အောက်တိုဘာ ၁၅
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာ ၇ ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၃ ရွာ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသောင်းမြင့် တို့ကအမှာစကားပြောကြားခဲ့ပြီး မြို့နယ် ဦးစီးမှူး ဒေါ်နော်ချောစုက စီမံကိန်းအကြောင်းနှင့် အဆိုပြုကျေးရွာများအား ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေနှင့် ဦးစောစိန်ထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာ ၇ ရွာအတွက် ဒေါခလိုက်လင်း၊ အောင်ချမ်းသာ၊ ကျွန်းတော၊ ဝါသောခိုရွာသစ်၊ ပဒါန်းခို၊ ပူဖားနှင့် ဆိုဘောသဲ ကျေးရွာများကိုရွေးချယ်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာ ၃ ရွာအတွက် ဒေါဆီးအီ၊ လွီးကထိနှင့် အို့ခူးရီကျေးရွာများကိုရွေးချယ်အတည်ပြုခဲ့ကြသည်။
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)သည် ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာအတွင်းရှိ လမ်း၊ တံတား၊ အခြေခံအဆောက်အဦများ စသောကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်းသည် ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာပြည်သူလူထုများမှ သတ်မှတ်ထားသော အတိုးနှုန်းဖြင့် စီမံကိန်း လုပ်ငန်းများကိုလည်ပတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ရီရယ်(ဒီးမော့ဆို)