ကျုံပျော်တွင် လယ်ယာမြေဥပဒေ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ကျုံပျော် ဩဂုတ် ၁၉

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ဧရာမင်းခန်းမ၌ ယမန်နေ့က ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးမြတ်သိန်းဇော်က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ၏ အခွင့်အရေးများ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွား ဖြေရှင်းခြင်းနှင့် အယူခံခြင်း စသည့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးသည်။

ဆွေးနွေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စု (၉၇) အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ စုစုပေါင်း (၂၂၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)