ကျုံပျော် ဩဂုတ် ၁၉
လူငယ်များ အသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်-၂ အခြေခံပညာ အထက်တန်းကျောင်း၌ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က-၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဝေလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဟောပြောပွဲမှရရှိသည့် ဗဟုသုတများကို လေ့လာမှတ်သား၍ အကျိုးရှိစွာ အသုံးချစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများကိုလည်ကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဝင်းနိုင်က အားကစား၏အဓိပ္ပါယ်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းက စားသုံးသူ၏ အဓိပ္ပါယ်နှင့် အခွင့်အရေး ဥပဒေများ၊ ကုန်ညွှန်းအမှတ်အသားများ၊ ရက်လွန်အစားအစာ၏ အန္တရာယ် စသည်တို့ကိုလည်ကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒု-တိုင်းရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က တိုင်းရင်းဆေး၏ အဓိပ္ပါယ် ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သော ရောဂါများ၊ လက်တကမ်းရှိ ဆေးဝါးအပင်များ၊ ခွင့်ပြုချက်မရှိသည့် တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း၊ သုံးစွဲခြင်းမပြုလုပ်ရေး ကိစ္စရပ်များကိုလည်ကောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ကျောင်းတွင်အသုံးပြုရန် စာအုပ်နှင့် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြသည် ။ဆက်လက်၍ အားကစားနှင့် ကာယပညာ ဦးစီးဌာနက ဦးဆောင်ကာ ကျောင်းသားလူငယ်များနှင့်အတူ Fitness Dance အကဖြင့် စုပေါင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ကြသည်။ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီး အကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၄၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ ပြသသည့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အခမဲ့ကွင်းဆင်း ဆေးကုသရေးအဖွဲ့ တာဝန်ရှိသူများက အ.ထ.က-၂ မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၄၈)ဦးတို့အား ဆေးဝါး အခမဲ့ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)