ကျိုက်လတ် သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်စိန်က စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့်ကာယပညာ၊ လေ့ကျင့်ခန်းများ အကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့နောက် "လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ" အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "အသိပညာပေးဟောပြောပွဲ"သို့ အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုး၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၂)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်