ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၉
မိုးစပါးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား မျိုးစပါးလုပ်အားခနှင့် မြေဩဇာများထည့်သွင်း အသုံးပြုခြင်း အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများ၌ မိုးစပါးချေးငွေများအား ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉) အုပ်စုမှ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူ (၄၃၈) ဦးအား တစ်ဧကလျင် တစ်သိန်းခွဲနှုန်းထားဖြင့် စိုက်ဧက (၃၃၃၅) ဧကအား မိုးစပါးချေးငွေကျပ် (၅၀၂၅) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါးချေးငွေများအား ထုတ်ချေးပေးလျက်ရှိရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကွမ်ကသောင်ကျေးရွာအုပ်စုမှ လာရောက်ထုတ်ချေးလျက်ရှိသည့် တောင်သူများအား မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်နုက တောင်သူများအားတွေ့ဆုံ၍ ချေးငွေများအား အကျိုးရှိစွာသုံးစွဲပြီး မိုးစပါးစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးပြီး အထွက်နှုန်းကောင်းမွန်သည့် ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ ရွေးချယ်စိုက်ပျိုး၍ အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်ခွဲမန်နေဂျာဦးအေးကိုကိုမှ မိုးစပါးချေးငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ချေးငွေအတိုးနှုန်းထားများ ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလသတ်မှတ်ချက်များ ချေးငွေများအားစနစ်တကျ အကျိုးရှိစွာသုံးစွဲရေး စနစ်တကျပြန်လည် ပေးသွင်းရမည့် လုပ်ငန်းဆောင်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် တောင်သူများအား တစ်ဦးချင်းစီ မိုးစပါးချေးငွေ များအား စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး