မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ် အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

အောင်လံ ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စက်ရုံရပ်ကွက်တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ပန္နက်တိုင်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် အောင်လံခရိုင်စုပေါင်းရုံး RC နှစ်ထပ် အဆောက်အဦ တည်ဆောက်ရေးအခြေအနေနှင့်ပတ်သက်၍ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်) (အောင်လံ)