ဂန့်ဂေါ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ လူရည်မွန်ကောင်းများပေါ်ထွန်းစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဂန့်ဂေါခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းထွန်းနိုင်က ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ပလတ်စတစ်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်ဆီးယိုယွင်းစေသည့် ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲရာတွင် လိုက်နာရမည့် နည်းလမ်းများ၊ ပလတ်စတစ်ထုတ်လုပ်မှုနှင့် စွန့်ပစ်မှုစသည်တို့ကို ပါဝါပွိုင့်ဖြင့်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကျောင်းသား/သူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို သိရှိနားလည်စေရန် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး စသည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းရုံးဝန်ထမ်းများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)